Sunday, July 11, 2010

ဦးတေဇသား လျှောက်ထားချက် ဥရောပ သမဂ္ဂ ပယ်ချ

Type your summary hereType rest of the post here
ဦးတေဇ၏ သားအကြီး ပြည့်ဖြိုးတေဇက သူ့အပေါ် ဥရောပသမဂ္ဂ၏ ဒဏ်ခတ် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရန် တရားရုံးသို့ ဦးတိုက် လျှောက်ထား ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး၏ သားက လျှောက်ထားလာမှုကို တရားရုံးက မေလ ၁၉ ရက်နေ့တွင် ပယ်ချခဲ့ပြီး တရာရုံး ကုန်ကျစရိတ်ကို ဥရောပသမဂ္ဂ ကောင်စီသို့ ပေးချေရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဦးတေဇ (ညာစွန်)နှင့် သားနှစ်ယောက် ဖြစ်သော ပြည့်ဖြိုးတေဇ (ဝဲအစွန်)၊ ထက်တေဇ (ဦးတေဇမှ ဒုတိယမြောက်နှင့် ဦးတေဇ၏ အငယ်ဆုံးသမီး (အလယ်) တို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ပြည့်ဖြိုးတေဇက သူသည် စစ်အစိုးရအဖွဲ့ဝင် မဟုတ်သကဲ့သို့ စစ်အစိုးရနှင့်လည်း ဆက်စပ်မှု မရှိကြောင်း၊ အစိုးရ စီမံအုပ်ချုပ်ရေး ယန္တရားမှလည်း မည်သည့် အကျိုးကျေးဇူးမျှ မရရှိကြောင်း ခုခံချေပ လျှောက်ထားခဲ့သည်။

လန်ဒန် အခြေစိုက် ဥပဒေအကျိုးဆောင် ကာတာ ရပ်က် (Carter-Ruck) အဖွဲ့မှ ရှေ့နေများက “ဦးတိုက်လျှောက်ထားသူ ပြည့်ဖြိုးတေဇ သို့မဟုတ် သူ၏ဖခင်သည် စစ်အစိုးရထံမှ မည်သည့် အကျိုးကျေးဇူးကိုမျှ မရရှိပါ” ဟု အခိုင်အမာ တင်ပြခဲ့ကြသည်။
သို့သာ် ဦးတေဇသည် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်မှုကို အခြေခံ၍ ဒေါ်လာသန်း ထောင်ပေါင်းများစွာရှိသည့် စီးပွားရေးအင်ပါယာကြီးကို တည်ထောင်ထားသော စွယ်စုံ စီးပွားရေး လုပ်ငန်းရှင်ကြီးအဖြစ် လူသိများနေသူဖြစ်သည်။

အမှု၌ အားမပါလှသော ခုခံ ပြောဆိုချက်တခုတွင် ပြည့်ဖြိုးတေဇ၏ ရှေ့နေများက “စစ်အစိုးရနှင့် ကျေးဇူးခံကျေးဇူးစားရှိနေသည်ဟု ဥရောပသမဂ္ဂ ကောင်စီက သတ်မှတ်ထားသော ပုဂ္ဂိုလ်တယောက်၏ သားဖြစ်နေခြင်းသည် စစ်အစိုးရနှင့် ချိတ်ဆက်နေသည်ဟု မဆိုလို” ဟု ခုခံလျှောက်ထားခဲ့သည်။

ထို့အတူ ပြည့်ဖြိုးတေဇသည် စင်ကာပူရှိ ဖခင်၏ ကုမ္ပဏီ ၂ ခုတွင် အစုရှယ်ယာများကို ၂ နှစ်ကြာ ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် မြန်မာစစ်အစိုးရနှင့် ဆက်စပ်မှု ရှိကောင်းရှိနိုင်သည့် သူ့ဖခင်၏ ကုမ္ပဏီမှ အခွင့်ထူးများ ရခဲ့ကြောင်း ပြသနိုင်ခြင်း မရှိဟု ပြည့်ဖြိုးတေဇက အခိုင်အမာဆိုသည်။

ထိုသို့ ဦးတေဇ သို့မဟုတ် သားဖြစ်သူ ပြည့်ဖြိုးတေဇတို့က စစ်အစိုးရထံမှ အကျိုးအမြတ် မရဟူသောအချက်ကို တရားလို ရှေ့နေများက ခုခံချေပခဲ့သည်။

“ထိပ်တန်း စီးပွားရေးသမားများ၏ မိသားစုဝင်များ အနေဖြင့် စီးပွားရေးလုပ်ငန်းများမှ ရရှိသော အကျိုးကျေးဇူးများကို ခံစားနေသည်ဟု မှတ်ယူနိုင်သည်။ ထို့ကြောင့် အစိုးရ၏ စီးပွားရေးမူဝါဒမှ စီးပွားရေးလုပ်ငန်းရှင်များ၏ မိသားစုဝင်များလည်း အကျိုးကျေးဇူးခံစားနေရသည်ဟူသော အချက်ကို ခုခံကာကွယ်ရန် အကြောင်းမရှိ” ဟု တရားလို ရှေ့နေများက ပြန်လည် ချေပခဲ့သည်။

ပြည့်ဖြိုးတေဇက ဥရောပသမဂ္ဂ၏ ပြစ်ဒဏ်ချမှတ်မှုကို ဖယ်ရှားပစ်ရန် အားထုတ်မှုသည် ဦးတေဇအတွက် ဒဏ်ခတ်အရေးယူမှုကို ရှောင်းကွင်းစရာ နည်းလမ်းတခု ဖြစ်လာနိုင်၍ ဥရောပသမဂ္ဂ ကောင်စီက စိုးရိမ်မှုရှိကြောင်း သိရသည်။

“လျှောက်ထားလာသူသည် အဘယ်ကြောင့် သူ့အပေါ် ကန့်သတ်ချက်များ အထူးထားရှိသည်ကို သိပြီးဖြစ်သည်။ လျှောက်လွှာ အပိုဒ် ၃၇ တွင် ဖော်ပြချက်အရ ဖခင်ဖြစ်သူ ပိုင်ဆိုင်သော ငွေများကို တခြားမိသားစုများထံ လွှဲပြောင်းပေးခြင်းဖြင့် နောက်ကွယ်မှ ထိန်းချုပ်နိုင်သည့် အန္တရာယ်ကို တွေ့ရသည်” ဟု ဥရောပသမဂ္ဂ ကောင်စီက ဆိုသည်။

ပြည့်ဖြိုးတေဇက “သူသည် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်အပေါ်တွင် စိတ်ပျက်မှု မရှိသကဲ့သို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး သို့မဟုတ် ဒီမိုကရေစီ ဖော်ဆောင်ရေးကိုလည်း လေးစားပါကြောင်း” နှင့် စစ်အစိုးရနှင့် နိုင်ငံရေးတွင်လည်း ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကောင်စီသို့ ထပ်လောင်း လျှောက်ထားခဲ့သည်။

ပြည့်ဖြိုးတေဇ၏ ညီဖြစ်သူ ထက်တေဇသည် စစ်အစိုးရအပေါ် အမေရိကန်အစိုးရ၏ ပြစ်ဒဏ်ခတ် အရေးယူမှု နှင့် ပတ်သက်၍ ၂၀၀၇ ခုနှစ်တွင် ရိုင်းပျသော အီးမေးလ်တစောင်ဖြင့် မထီမဲ့မြင်ပြုခဲ့သည်ဟု သိရသည်။

အီးမေးလ်ထဲတွင် “အမေရိကန်က ငါတို့ကို တားမြစ်ပိတ်ပင် ထားပါစေ။ ငါတို့က စင်ကာပူမှာ အေးအေးဆေးဆေးပဲ။ ငါတို့က မြန်မာတပြည်လုံးရဲ့ GDP (စုစုပေါင်း ပြည်တွင်း ထုတ်ကုန်) ပေါ်မှာ ထိုင်နေတာ။ ငါတို့မှာ စင်ကာပူတို့၊ တရုတ်တို့၊ ရုရှတို့လို နိုင်ငံမျိုးတွေကို ရောင်းဖို့ သစ်တွေ၊ ကျောက်တွေ၊ ဓာတ်ငွေ့တွေ ရှိတယ်” ဟု ရေးထားသည်။

ပြည့်ဖြိုးတေဇက မြန်မာနေရှင်လိဂ်တွင် ဝင်ရောက် ယှဉ်ပြိုင်နေသော ဦးတေဇပိုင် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ဦးတေဇသည် သား ၂ ယောက်ဖြစ်သူ ပြည့်ဖြိုးတေဇနှင့် ထက်တေဇတို့ ၂ ဦး ကျောင်းတက်ခဲ့သော စင်ကာပူနိုင်ငံသို့ စီးပွားရေးကိစ္စများဖြင့် မကြာခဏ ခရီးသွားလေ့ရှိသည်။

စင်ကာပူနိုင်ငံ၏ ဘဏ်ကြီးနှစ်ခုဖြစ်သော OCBC နှင့် DBS တို့က ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရရှိသော ဒေါ်လာ သန်းထောင်ပေါင်းများစွာကို သိမ်းဆည်း ပေးထားသည် ဟူသော အချက်ကို ငြင်းဆန်ထားကြသည်။

“ဒီအမှုနဲ့ ရုံးတော်ရဲ့ ဆုံးဖြတ်ချက်က ဘာကိုပြနေသလဲဆိုတော့ ပိုပြီးအားကောင်းတဲ့၊ အတိအကျ ပစ်မှတ်ထားတဲ့ ပြစ်ဒဏ်ခတ် အရေးယူမှုတွေက သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို ပြနေတာပဲ” ဟု Burma Campaign UK မှ မာ့က် ဖာမန်နာက ဆိုခဲ့သည်။

သို့သော် တဆက်တည်းတွင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဦးတည်စေသော မက်လုံးနှင့် စည်းရုံးသည့် နည်းကိုလည်း သုံးသင့်သည်ဟု ဖာမန်နာက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားခြင်းကို သက်တမ်းတနှစ် ထပ်မံတိုးလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီလတွင် ဥရောပသမဂ္ဂက ကြေညာခဲ့သည်။ သက်တမ်းတိုးကြောင်း ကြေညာရာတွင် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ရေးဆွဲထားခြင်းမဟုတ်ဟု ဖော်ပြခဲ့သည်။

ထိုသို့ အရေးယူ ဆောင်ရွက်မှုများသည် တချို့နေရာများတွင် အသေအချာ ပစ်မှတ်ထား ဆောင်ရွက်နိုင်သော်လည်း အားပျော့နေသေးကြောင်း၊ မလုံလောက်သေးကြောင်း ဝေဖန်မှုများ ရှိနေသည်ဟု သိရသည်။

တချို့ကမူ ပြစ်ဒဏ်ခတ်မှုသည် စစ်အစိုးရကို ပြုပြင်ပြောင်းလဲမှုများဆီသို့ မတွန်းပို့နိုင်သဖြင့် “ဆွေးနွေးညှိနှိုင်းမှု” နည်းလမ်းအသစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောဆိုနေကြကြောင်းလည်း သိရသည်။

ဒဏ်ခတ်အရေးယူမှုမှာ ပြဿနာမဟုတ်ကြောင်း၊ သို့ရာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ နှင့် မလေးရှား ကဲ့သို့သော စစ်အစိုးရအား နိုင်ငံရေးနှင့် စီးပွားရေးအရ ကူညီထောက်ပံ့ပေးနေသည့် အစိုးရများ၊ စီးပွားရေးလုပ်ငန်းများ ကြောင့်သာလျှင် ဒဏ်ခတ်အရေးယူမှုမှာ အားနည်းနေရခြင်းဖြစ်ကြောင်း သုံးသပ်သူများလည်း ရှိသည်။

ဥရောပသမဂ္ဂသည် ပိတ်ဆို့ ဒဏ်ခတ်မှုကို ၁၉၉၆ ခုနှစ်က အစပြုခဲ့ခြင်း ဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးလေ့ ရှိသည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုသည် စစ်ဗိုလ်ချုပ်များ၏ ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ သံတမန် ဆက်သွယ်ရေး ကန့်သတ်ခြင်း၊ နိုင်ငံခြားဘဏ် စာရင်း ပိတ်ဆို့ခြင်း၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ မဟုတ်သည့် အထောက် အပံ့များကို ဆိုင်းငံ့ခြင်း စသည်တို့ ပါဝင်သည်။

ဝါဒဖြန့် ရုပ်ရှင် ဝေဖန်မှုများပြား

Type your summary hereType rest of the post here
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသည့် စစ်အစိုးရ၏ ဝါဒဖြန့် ရုပ်ရှင် ဇာတ်ကားသည် ကြည့်ရှုသူ များ၏ ဝေဖန်မှုကို ခံနေရကြောင်း သိရှိရသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ”ဟု အမည်ရသည့် ထိုဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦး က ရေးသားရိုက်ကူးပြီး ကာကွယ်ရေးဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် အဓိက ပံ့ပိုး ကူညီကြောင်း သိရသည်။















“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကား ဇာတ်ဝင်ခန်းမှ ပြေတီဦး၏ သရုပ်ဆောင်ဟန်
အဆိုပါ ဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ရိုက်ကူး ခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ခေတ်(၃)ခေတ်ကို အဆင့်ဆင့် ဦးတည်ပုံဖော် ရိုက်ကူးထားပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ငွေဆောင်၊ ချောင်းသာ၊ နေပြည်တော်မြို့များတွင် ရိုက်ကူးချိန် (၁)လခန့် ကြာမြင့်စွာ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ် ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီ မောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားသည်။

ယခု ဇာတ်ကားသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထား သော်လည်း အတိတ်သမိုင်းအမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှု ခံနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ကျနော့်အမေ ဆိုရင် လုံးဝကိုမကြည့်တာ၊ လူငယ်တွေကတော့ စာမဖတ်တဲ့သူတွေ၊ လူကြီးတွေ လက်ဆင့် ကမ်းမပြော ဘူး တဲ့ သူတွေဆိုရင် တကယ်ဝါဒမှိုင်းပဲ”ဟု ဇာတ်ကားကြည့်ရှုပြီးသူ တဦးကပြောသည်။

ယင်းဇာတ်ကား၌ ဦးသန့်အရေးခင်းကို ဆူပူချင်သူများက အကြောင်းပြကာ ဆူပူကြသည် ဟူ၍လည်းကောင်း၊ ပြည်ပ အခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟုဆိုပြီး မီးရှို့ရန်သာ ထိုက်တန် ကြောင်း ပြောဆိုတင်ပြထားသည်။

ပြည်တွင်း အခြေစိုက် သတင်းထောက်တဦးက“ပြည်သူ့ဘ၀ မှန်ကိုထင်ဟပ်စေတဲ့စာအုပ်တွေ ထွက်မလာအောင် သူတို့က ကြောက်ကန်ကန်ထားတယ်လေ၊ ဒါတွေကိုလူသိမှာသိပ်ကြောက်တာ၊ တရားဝင်တယ် မဝင်ဘူးဆိုတာကိုတော့ လူထု လက်ခံမှု နှုန်းနဲ့ တွက်ကြည့်ရင် သိသာပါတယ်”ဟု ဆိုသည်။

သရုပ်ဆောင် ခိုင်သင်းကြည်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်ပါတီစနစ် ပြန်လည်ပေါ်ပေါက်လာမည်ကို စိုးရိမ် သောကြောင့် အများနည်းတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲပေးခဲ့ရကြောင်း၊ ကိုယ်ပိုင်ဆန္ဒဖြင့် မဲထည့် ခြင်းမျိုးမဟုတ်ဘဲ အများကိုမလွန်ဆန်နိုင်သဖြင့်သာ မဲပေးရသည့်ပုံစံဖြစ်စေရန် ယခုဇာတ်ကား၌ သရုပ်ဆောင်ထားသည်။

ခုံဖိနပ်စီး၍ ပင်နီအင်္ကျီဝတ်သူများကိုလည်း ပစ္စည်းမဲ့လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေးသမားများသည် အာဏာရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးကြောင်း စသည်တို့လည်း ယင်းဇာတ်ကားတွင် ပါရှိသည်။

ပြည်တွင်းမှ ဒါရိုက်တာ တဦးက“နိုင်ငံရေးကားတွေ ရိုက်တယ်ဆိုတာကတော့ ဝါဒအမျိုးမျိုး ရှိနိုင်တယ်၊ တခြားနိုင်ငံတွေမှာ လည်း ရိုက်နေကြတာပဲ၊ သမိုင်း ဆိုတာကတော့ သမိုင်းအမှန်ကိုပဲ ရိုက်ပြရမယ်၊ ဝါဒကြောင့် သမိုင်းကို ပြောင်းလိုက်တာ မျိုး ဖြစ်သွားရင်တော့ မကောင်းဘူးပေါ့ဗျာ”ဟု ပြောသည်။

၎င်းဇာတ်ကားတွင် သရုပ်ဆောင်များကို အာဏာပိုင်များက ညွှန်ကြားချက်ဖြင့် သရုပ်ဆောင်ခိုင်းသော အသက်ဝင်မှု မရှိ ကြောင်း၊ မြန်မာငွေ ကျပ် သိန်း ၈၀၀၀ ခန့် အကုန်ကျခံ ရိုက်ကူးထားသော်လည်း နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ စွာ ရှိနေသေးသည်ဟု ထင်မြင်ကြောင်း ဇာတ်ကားကြည့်ရှုပြီးသူကလည်း ဝေဖန် သည်။

“မင်းသား၊ မင်းသမီးတွေကို ကြည့်ရတာလည်း အသက်မပါတဲ့ပုံတွေနဲ့၊ သူတို့ စကားပြောတာတွေကလည်း ဘယ်သူက ဝင်ပြောပေးနေမှန်းမသိဘူး၊ ဇာတ်လမ်းကလည်း ရှည်တာပဲရှိတယ်၊ ဘာမှ အဓိပ္ပာယ်မရှိဘူး၊ ကျောင်းသားတွေ နိုင်ငံရေး သမားတွေကို နှိပ်ကွပ်ချင်တာလောက်ပဲ သိတယ်”ဟု ၎င်းက ပြောသည်။

တခြားသောပရိသတ်တဦးကလည်း“ဒီဇာတ်လမ်းကို နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်လမ်းလို့ မပြောနိုင်ဘူးဗျ၊ အခုခေတ် လူငယ် တွေအနေနဲ့လည်း ဒီလိုဇာတ်လမ်းမျိုး မကြည့်သင့်ဘူး၊ ဒါတွေက ဝါဒဖြန့်ပြီး လူငယ်တွေရဲ့အသိကို ရောထွေးသွားအောင် လုပ်တာမျိုးပဲဗျ”ဟု ဆိုသည်။

ပါဝင်သရုပ်ဆောင်ရသူ တဦးကမူ“ကျနော်တို့ တလောကလုံးက ပါဝင်ပြီးရိုက်ကြတော့ ကျနော်လဲ ရိုက်ဖြစ်သွားတာပါ၊ ကျနော် သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်ကို ဒါရိုက်တာကျေနပ်အောင် သရုပ်ဆောင်ပေးလိုက်တယ်၊ တခြား ဝါဒဖြန့် တာတို့ ဘာတို့တော့ ကျနော်လည်း မသိပါဘူး”ဟု ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ပါဝင်ကြသည့် သရုပ်ဆောင်များနှင့် ဒါရိုက်တာ သည် မော်တော်ကား တင်သွင်းခွင့် ပါမစ်များ နှင့် အခြားအကျိုးခံစားခွင့်များပါ ရရှိကြသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် ၎င်းဇာတ်လမ်းကို ပရိ သတ် များက စိတ်ဝင်စားမှုနည်းပါးကာ မကြည့်ရှုကြသဖြင့် ဗီဒီယို ခွေအငှားဆိုင်များကို မတင်မနေရစနစ်ဖြင့် တင်ခိုင်းထား ကြောင်း သိရှိရသည်။

ယင်းဇာတ်ကားကို ရေးသားရိုက်ကူးသူ ဒါရိုက်တာ တင်သန်းဦးသည် လုံးချင်း ဝတ္ထု စာအုပ်များရေးသား ထုတ်ဝေပြီး စစ်ကား များကို ရိုက်ကူးခဲ့ကာ ၁၉၈၈ မတိုင်မီ နှစ်များတွင် သူ၏စာအုပ်များသည် အရောင်းရဆုံး စာရင်း ဝင်ခဲ့သည်။

သို့သော် ၁၉၈၈ အရေးခင်းတွင် စစ်တပ်မှ အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက် စစ်တပ်နှင့် သက်ဆိုင်သည့် ဇာတ်လမ်းများကို ပရိသတ်များ စိတ်ဝင်စားမှုလျော့ပါးလာပြီး တင်သန်းဦး၏ စာအုပ်များ အရောင်းထိုင်းစာရင်းဝင်ခဲ့ကြောင်း စာနယ်ဇင်း အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။
ပြည်တွင်းအသိုင်းအ၀ိုင်းမှပြော...........



Sunday, July 4, 2010

Aung San Suu Kyi 65th Birthday (19 June 2010) Meaningful Birthday Wish



Type your summary hereType rest of the post here

DAW AUNG SAN SUU KYI 65th BIRTHDAY ( Tokyo,Japan )19-6-2010.wmv



Type your summary hereType rest of the post here

65th Daw Aung San Suu Kyi Birthday and Burmese Women Day @ Los Angeles



Type your summary hereType rest of the post here

Wednesday, June 30, 2010

Moethee Zun: MaSoe Rein Sa Ya Daw Gyi's Speech



Type your summary hereType rest of the post here

Sunday, June 13, 2010

Myanmar's military ambitions - Part 4



Type your summary hereType rest of the post here

Myanmar's military ambitions - Part 3



Type your summary hereType rest of the post here

Myanmar's military ambitions - Part 2



Type your summary hereType rest of the post here

Myanmar's military ambitions - Part 1



Type your summary hereType rest of the post here