Showing posts with label အခြားကဏ္ဍ. Show all posts
Showing posts with label အခြားကဏ္ဍ. Show all posts

Wednesday, March 11, 2009

ရွေးကောက်ပွဲအယုံအကြည်မရှိလက်မှတ်ထိုးလှုပ်ရှားမှု

မြန်မာပြည်သူ လူထုတို့၏ စစ်မှန်သော ဆန္ဒပြုလွှာ

ကျွန်ုပ်တို့ မြန်မာပြည်သည် စတင် စစ်အာဏာ သိမ်းခံခဲ့ရသော ၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့ မှစ၍ ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် လူသားချင်းတန်းတူညီခွင့်များ လုံခြုံမှုများ ပျောက်ဆုံး၍ ဂုဏ်သိက္ခာ ကင်းမဲ့သော အဖြစ်နှင့်နေထိုင်ခဲ့ရသည်မှာ ၄၇နှစ်တိုင် ခဲ့ပြီဖြစ်ပါသည်။

၁၉၆၂ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း သည် ၁၉၇၄ခုနှစ် မေလတွင် စစ်တပ် အလိုကျ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ရေးကောက်ပွဲ ကျင်းပကာ နိုင်ငံတော် သမ္မတ အဖြစ်ကို ခံယူခဲ့ပေသည်။

ထိုအချိန်မှ အစပြု၍ သယံဇာတ ပေါကြွယ်ဝသော၊ အာရှ၏ စပါးကျီ အဖြစ် ကျော်ကြား ခဲ့သော၊ အဆင့်အတန်းရှိသော ပညာရေး၊ ခိုင်မာ၍ အာမခံချက်ရှိသော ငွေကြေး စသည့် လူရိုသေ ရှင်ရိုသေ အနေအထားများမှ မြန်မာပြည်သည် ယခုအခါ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံ အဆင့်သို့ နိမ့်ကျခဲ့ ရသည်ကို တွေ့ရ ပေမည်။

ဖိနှိပ်မှု အမျိုးမျိုး အပြင် စစ်အာဏာရှင် ဗိုလ်နေဝင်း၏ လွဲမှားသော စီမံခန့်ခွဲမှုများတွင် အဆိုးဆုံး အချက်မှာ လည်ပတ်နေသော ငွေစက္ကူများကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်း ပစ်ခဲ့ရာ ပြည်သူလူထုအားလုံး များစွာ ဆုံးရှုံး နစ်နာခဲ့ကြရပြီး ထိုအခြေအနေကြောင့်ပင် ကမ္ဘာကျော် ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ရကာ တပါတီ အာဏာရှင် စနစ်ကို အပြီးတိုင် ရိုက်ချိုး ဖျက်ဆီး နိုင်ခဲ့ပါသည်။

သို့ရာတွင် စစ်အာဏာရှင် နေဝင်း၏ လက်သပ်မွေးထားသော စစ်ခေါင်းဆောင်များက ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် လူထုဆန္ဒပြပွဲများကို ရက်စက်စွာ ပစ်ခတ် နှိမ်နင်းခဲ့ပြီး နိုင်ငံတော် အာဏာကို အတင်းအဓမ္မလုယူ ခဲ့ကြ ပြန်ပါတော့သည်။

အစတွင် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်မည်။ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေငြာပေးခဲ့ပြီး ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ပါတီစုံ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။ စစ်အာဏာရှင်စနစ်ကို ရွံမုန်းနေ ကြသော ပြည်သူလူထုများ၏ တခဲနက် ထောက်ခံမှုကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီမှ မဲဆန္ဒနယ်မြေ ၃၈၂ နေရာ၊ ရာခိုင်နှုန်း ၈၂ ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိ ခဲ့ပါသည်။ ထိုအချိန်က နအဖ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမောင်က “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ကြောင်းနှင့် စစ်တပ်သည် စစ်တန်းလျှားသို့ပြန်မှာ ဖြစ်ကြောင်း အတိအလင်း ထုတ်ဖေါ် ကြေငြာ ခဲ့ပါသေးသည်။

တကယ်တမ်းတွင်မူ ပြည်သူလွှတ်တော်ကို ခေါ်ယူပေးရမည့် အစား ၁/၉၀ ဥပဒေကို ပြဌာန်း၍ ဖွဲစည်းပုံ အခြေခံ ဥပအဒေကိုသာ ရေးဆွဲရန် တာဝန်ရှိသည်ဟု ပြောင်ပြောင်တင်းတင်း လိမ်ညာခဲ့ပြီး အာဏာကို ဆက်လက် ဆုတ်ကိုင်ထားခဲ့ပါသည်။

အနာဂါတ်မြန်မာ့နိုင်ငံ နိုင်ငံရေး ဦးဆောင်မှုကို စစ်တပ်က ဦးဆောင်ရမည်ဆိုသော အချက်ကို ထည့်သွင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခုတုံးလုပ်ကာ တရားမဝင် အာဏာသိမ်းနိုင်ရန် ကြိုးစားခဲ့ပြန် ပါသည်။ ထို့ကြောင့် တရားဝင် ကိုယ်စားလှယ် အများစုဖြစ်သော အနိုင်ရ ပါတီ NLD မှလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များက အတုအယောင် အမျိုးသား ညီလာခံကို သပိတ်မှောက် နှုတ်ထွက်ခဲ့ ကြပါသည်။

၂၀၀၃ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်တန်းခေါင်းဆောင်များကို ဒီပဲယင်းတွင် နအဖ ခေါင်းဆောင်ပိုင်းများကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲ၍ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ကြပါသည်။

အောင်မြင်မှု မရရှိသောအခါမှ ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီးကို ဖုံးကွယ် အာရုံပြောင်း ရန်အတွက် လမ်းပြမြေပုံ ၇ချက်ကို ထုတ်ပြန် ကြေငြာခဲ့သည်။ ထိုလမ်းပြ မြေပုံ၇ချက်ပါ အချက်များသည် နိုင်ငံတော်အာဏာကို မည်သည့်နည်းနဲ့မဆို စစ်တပ်မှ ချုပ်ကိုင်သွားမည်ဟု မီးမောင်း ထိုးပြခြင်းသာ ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတိုက်အခံ အင်အားစုများဘက်မှ တောင်းဆိုထားသော ပြသနာအားလုံးကို ဖြေရှင်းနိုင်မည့် လမ်းစဖြစ်သော စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးကိုမူ ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။

၂၀၀၇ခုနှစ် အတွင်း၌ နအဖ မှ လောင်စာဆီဈေးနှုန်းများကို ရုတ်တရက်တိုးမြှင့်ကြောင်း ကြေငြာခဲ့ပါသည်။ ၈၈မျိုးဆက်ခေါင်းဆောင်များမှ လောင်စာဆီဈေးနှုန်း လျှော့ချပေးရန် ပြည်သူများကိုယ်စား ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခြင်းကို မတရား ဖမ်းဆီး ဖြိုခွဲခဲ့ပါသည်။

နောက်ဆက်တွဲဖြစ်ရပ်အဖြစ် ပြည်သူလူထု၏ စားဝတ်နေရေး ကျပ်တည်းမှုအတွက် ၂၀၀၇ စက်တင်ဘာလက သံဃာတော်များ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ချီတက် မေတ္တာပို့ လမ်းလျှောက်ခြင်း ကိုလည်း ရက်စက်စွာ ပစ်ခတ် ဖမ်းဆီး နှိပ်စက် ထောင်ချခြင်းများ ပြုလုပ်ခဲ့ ပြန်ပါသည်။

နောက်ပိုင်းတွင် နအဖတို့မှ ၂၀၀၈ ခုနှစ် မေလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုမဲပေးပွဲနှင့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

၂၀၀၈ ခုနှစ် မေလ၂ရက်နေ့၌ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် အခြားဒေများသို့ တိုက်ခတ်ဖျက်ဆီး သွားခဲ့ပါသည်။ အိန္ဒိယနိုင်ငံ မိုးလေဝသ ဌာနနှင့် အခြားသော နိုင်ငံများမှ မိုးလေဝသ ဌာနများက ကြိုတင်အသိပေးချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသော်လည်း ကံအကြောင်းမလှသော မြန်မာနိုင်ငံသားများ အနေနှင့် ထိုကဲ့သို့ ကြိုတင်အသိပေးမှုများ မရရှိခဲ့ပဲ သာမန် မုန်တိုင်းတခုဟုသာ ထင်မှတ်ခဲ့ကြရာ လူသိန်းနှင့်ချီ၍ သေဆုံးခဲ့ပြီး လူသန်းနှင့်ချီ၍ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံး ဒုက္ခရောက်ခဲ့ ရပါသည်။

သို့ရာတွင် အာဏာကိုသာ အရှုးအမူးဖြစ်နေသည့် နအဖတို့က ထိုလ ၁၀ရက်နေ့တွင်ပင် ပျက်စီးမြို့နယ် အချို့ကို ချန်လျှပ်၍ ၄င်းတို့ အလိုကျ ဖွဲ့စည်း ပုံဥပဒေကို အတင်းအဓမ္မ အတည်ပြုပြဌာန်း လိုက်ပါသည်။ရိုးသားမှုမရှိဟု ခိုင်မာသော သက်သေ အထောက်အထား များစွာ ရှိသော်လည်း ရာနှုန်းပြည့်နီးပါး ထောက်ခံမှုရခဲ့သည်ဟု ကြေငြာခဲ့ပါတော့သည်။

၂၀၁၀ တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေပင်ကြေငြာထား သော်လည်း။ နိုင်ငံရေး အတိုက်အခံများကို မတရားအမှုဆင်ကာ နှစ်ရှည်ထောင်ဒဏ်များချမှတ် ဖိနှိပ်မှုများ ကို ဆက်လက် လုပ်ဆောင်နေသေးသည်ကို ထင်ရှားစွာ တွေ့မြင်နေကြရပါသည်။

ပြန်လည်ခြုံငုံ သုံးသပ်ရလျှင် -

၁။ယခုလက်ရှိ စစ်အုပ်ချုပ်သူများသည် ယခင်၁၉၆၂ ခုနှစ် စစ်အာဏာရှင်များ၏ ငယ်မွေး ခြံပေါက်များ သာဖြစ်နေခြင်း။

၂။အမှန်တကယ် အာဏာလွဲပြောင်းရမည်ဆိုလျှင် အမျိုးမျိုး ကလိန်ကျ၍ ဂတိကဝတ်များကို ချိုးဖေါက်ခြင်း။

၃။ROAD MAP ခုနှစ်ချက်တွင် ပြည်သူတို့၏ အကျိုးစီးပွါးကို ဖေါ်ဆောင်သည့် အချက် တစုံတရာ မပါရှိပဲ သူတို့အာဏာတည်မြဲရေးကိုသာ အာမခံချက် ရစေရန် ဆောင်ရွက် နေခြင်းသာ ဖြစ်ခြင်း။

၎။ထို ROAD MAP ခုနှစ်ချက် အတိုင်းသွားနေခြင်းသည် အသစ်ဖေါ်ဆောင်ရန် သို့ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်နေခြင်း မဟုတ်ပဲ ယခင်ကဲ့သို့ အာဏာကို စစ်အာဏာရှင် များကပင် ပုံစံအသစ်ဖြင့် ဆက်လက် အုပ်ချုပ်သွားရန် ၁၉၇၄ခုနှစ်က လမ်းကြောင်းအတိုင်း ဆောင်ရွက် နေခြင်းသာ ဖြစ်ခြင်း။

စသည့် အချက်များကြောင့် ထို၂၀၁၀ ရွေးကောက်ပွဲသည် ယခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခက်အခဲ များကို ပြေလည်စေမည့် ထွက်ပေါက်မဟုတ်ပဲ မြန်မာပြည် အတွက် ဆိုးရွားသည့် စစ်ကျွန် သံသရာကို တပတ်ပြန်လည်စေမည့် အတုအယောင် ရွေးကောက်ပွဲ သာဖြစ်သည်ဟု ကျွန်ုပ်တို့ မြန်မာ နိုင်ငံသား များက ရှုမြင်ကြပါသည်။

ထိုအတုအယောင် ရွေးကောက်ပွဲကို တားဆီးပေးရန်နှင့် မြန်မာပြည်၏ ပြသနာ အရပ်ရပ်ကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် တခုတည်းသော နည်းလမ်းဖြစ်သည့် စစ်မှန်သော တွေ့ဆုံ ညှိနှိုင်း အဖြေရှာကြရေး ဖြစ်ပေါ်လာစေရန်သည် မြန်မာပြည်အတွက် အဓိက လိုအပ်ချက် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဒုက္ခဆင်းရဲများကို နှစ်ရှည်ကြာ ခံစားနေရသော မြန်မာနိုင်ငံသားများ အပေါ် လူသားချင်း စာနာထောက်ထားမှု တရပ်ကို ပြသသော အနေဖြင့် ပြည်သူလူထုများအား စစ်ကျွန်ဘဝသို့ အပြီးတိုင် သွတ်သွင်းမည့် အတုအယောင် ရွေးကောက်ပွဲကို အပြီးတိုင် ရပ်တန့်ပစ်ရန် နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပေါ်လာစေရန် အတွက် နအဖ စစ်အာဏာရှင်များကို ဝိုင်းဝန်း ပိတ်ဆို့ဖိအားပေးခြင်း၊ ပြစ်တင်ဝေဖန် ရှုံချခြင်း စသည်တို့ကို ဒိမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဘိုးထားကြသော နိုင်ငံ တကာ အသိုင်းအဝိုင်းများ အားလုံးက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် ယခု လက်မှတ်ရေးထိုးသူ မြန်မာနိုင်ငံသားများက မြန်မာပြည်သူ လူထု တရပ်လုံး ကိုယ်စား လေးစားစွာ မေတ္တာရပ်ခံ တောင်းဆို အပ်ပါသည်။

မှတ်ချက်။ ။ ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီမှ ကမကထပြုလုပ်၍ နိုင်ငံသားအားလုံးပါဝင်နှိုင်သည့် လှုပ်ရှားမှုဖြစ်ပါသည်။ သင့်အနေနှင့်လည်း နိုင်ငံသားတဦးအနေနှင့် အမှန်တရားအတွက် အောက်ပါလင့်ခ် အတိုင်း လက်မှတ်ထိုးနှိုင်ပါသည်။
http://www.petitiononline.com/cac2009/petition.html


ကိုယ်တိုင်စာရွက်ပေါ်တွင် လက်မှတ်ထိုးရန်...

Sunday, February 22, 2009

သန်းရွှေ၊ မောင်အေး ဖြုတ်ချရေး စီမံချက်

အောင်လင်းထွဋ် (ထောက်လှမ်းရေးအရာရှိဟောင်း)
(www.saffrontoward.blogspot.com ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသည့် ပို့စ် အား ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။)

သတင်း

၁။ မြန်မာ့တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော အရာရှိကြီးများ၊ အရာရှိငယ်များ၊ အခြားအ ဆင့် များသည် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့၏ ခေါင်းဆောင်မှုကို စိတ်ပျက်လျက်ရှိပါသည်။

၂။ အထက်ပါ သန်းရွှေနှင့်မောင်အေးတို့ကို ဖြုတ်ချပြီး အခြားစစ်ခေါင်းဆောင်တဦးကို ခေါင်းဆောင်တင်ပြီး နောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် ဖြစ်စေလိုကြောင်း သိရပါသည်။

ရည်ရွယ်ချက်

၃။ သန်းရွှေနှင့် မောင်အေးကို ဖယ်ရှားပြီး တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းကာ မြန်မာနိုင်ငံ အား ဒီမိုကရေစီကျင့်သုံးသော နိုင်ငံဖြစ်စေရန်။

လုပ်နည်း

၎။ အကြမ်းဖျင်း စီမံချက်။

(က) တပ်မတော်သားများ အတွေးအခေါ်ပြောင်းလဲရေး
(ခ) တပ်မတော်သားများနှင့် ၄င်းတို့မိသားစုများအား အနာဂတ်မျှော်လင့်ချက်များ ပေးရေး
(ဂ) စစ်ခေါင်းဆောင်များ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး
(ဃ) တိုင်းပြည်၏ ဘဏ္ဍာများကို အလွဲသုံးစား ပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖော် ထုတ် ရေး
(င) စစ်ခေါင်းဆောင်ကြီးများ၏ မိသားစုနှင့် တပ်မတော်သား မိသားစုများ၏ ဘ၀ကို နှိုင်းယှဉ်ပြသရေး
(စ) ပြည်တွင်းပြည်ပ အစိုးရ၊ အတိုက်အခံအဖွဲ့အစည်းများအပေါ် ယုံကြည်နားလည်မှုရရှိရေး
(ဆ) မြန်မာနိုင်ငံသား ပြည်သူလူထုအား စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ တပ်မတော်သားတို့တွင်လည်း တာ ၀န်ရှိကြောင်း အသိပေးရေး
(ဇ) စစ်ခေါင်းဆောင်များ၏ မတရားသောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလာရေး

၅။ အသေးစိတ် စီမံချက်။

(က) တပ်မတော်သားများ အတွေးအခေါ် ပြောင်းလဲရေး။

တပ်မတော်သားများသည် သင်တန်းများ၊ တပ်တွင်း ဆွေးနွေးပွဲများတွင်လည်းကောင်း၊ လစဉ်ဆန္ဒဖော်ထုတ်ပွဲ များတွင်လည်းကောင်း၊ တပ်မှူးကြီးများ တပ်စစ်ဆေးစဉ်အခါများတွင်လည်းကောင်း ညွှန်ကြားချက်တခုအနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တပ်မတော်ရန်သူအဖြစ် စိတ်ဓာတ်သွင်း ပေးထားခြင်း၊ Brain Wash လုပ်ထားခြင်းကို မဟုတ်မှန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ် မည်သို့အကောင်းမြင်ကြောင်းနှင့် တပ်မတော်သားမိသားစုတို့အပေါ်ထားရှိသော စိတ်ကောင်းစေတနာများကို ၄င်းတို့ နားလည်သဘောပေါက်လာအောင် ပထမပြောရပါမည်။ လက်ရှိမြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေ များကို ၄င်းတို့၏ ဦးခေါင်းအတွင်း စဉ်ဆက်မပြတ် နားထောင်နေစေရပါမည်။ စစ်ခေါင်းဆောင်များ၏ လက်ရှိ ကျင့်သုံးနေသော မူဝါဒများသည် မှားယွင်းနေကြောင်းကို စဉ်ဆက်မပြတ် ဦးနှောက်ထဲထည့်ပြီး စဉ်းစားနေစေ ရန် တန်ပြန်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(ခ) တပ်မတော်သားများနှင့် ၄င်းတို့မိသားစုများအား အနာဂါတ်မျှော်လင့်ချက်ပေးရေး

တပ်မတော်သားမိသားစုများ၏ သားသမီးများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နေရေးထိုင်ရေး၊ စားဝတ်နေ ရေးချို့တဲ့နေမှုများနှင့် စစ်ခေါင်းဆောင်ကြီးများ၏ သားသမီး၊ မြေးများ၏ဘ၀ကို နှိုင်းယှဉ်ပြီး ဒီစစ်ခေါင်း ဆောင်ကြီးတွေသာ ပြုတ်ကျသွားလျှင် ၄င်းတို့၏ မိသားစုအနာဂါတ်ဘ၀များ မည်သို့မည်ပုံ တိုးတက်လာမည် ဆိုသည့် မျှော်လင့်ချက်များကို အသိပေးရပါမည်။

(ဂ) စစ်ခေါင်းဆောင်ကြီးများ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး

စစ်ခေါင်းဆောင်ကြီးများ၏ မတရားမှုများ၊ ငွေကြေးအရှုပ်များ၊ မိန်းမရှုပ်ထွေးမှုများ၊ စီးပွားရေးမသမာမှုများ၊ မိ သားစုစီးပွားရေးလုပ်ငန်းများ၊ တိုင်းပြည်မှ မတရားရယူထားသော ပစ္စည်းများကို စုံစမ်းဖော်ထုတ်ပြီး တပ်မ တော် သားများအားလုံး သိစေရန်အတွက် ဆောင်ရွက်ပေးရပါမည်။

(ဃ) တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖေါ်ထုတ် ရေး

ဓာတ်ငွေ့၊ လယ်ယာ၊ သစ်တော၊ သတ္တု၊ သားငါးတို့မှရရှိသော ဘဏ္ဍာငွေများကို ပြည်သူလူထု၏ လိုအပ်ချက် ပညာရေး၊ ကျန်းမာရေးတို့တွင်အသုံးမပြုဘဲ အခြားနေရာများတွင် သုံးစွဲနေမှုများသည် တပ်မတော်သား မိသားစု များပါ နစ်နာနေရသည်ကို နားလည်အောင်အသိပေးရမည်။

(င) စစ်ခေါင်းဆောင်ကြီးများ၏ မိသားစုနှင့် တပ်မတော်သားမိသားစုဘ၀ကို နှိုင်းယှဉ်ပြသရေး

စစ်ခေါင်းဆောင်ကြီးများ၏ သားသမီး၊ မြေး ဆွေမျိုးများ၏ ပညာရေး၊ နေထိုင်စားသောက်ရေး၊ မတရားကြီး ပွားချမ်းသာနေမှုများ၊ မတရားမှုများ အစရှိသည့်သတင်းများကို ဖော်ထုတ်ပြသပြီး တပ်မတော်သားမိသားစု များ၏ ဆင်းရဲကြပ်တည်းမှုများ၊ နေရေးအခက်အခဲများ၊ စားသောက်ရေးအခက်အခဲများ၊ အနာဂတ်ပျောက်နေ မှုများကို မီးမောင်းထိုးပြပြီး ကွာဟနေမှုများကို အသိပေးရမည်။

(စ) ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အစည်းများအပေါ် ယုံကြည်နားလည်မှုရရေး

စစ်အစိုးရမှ သွေးခွဲထားမှုအပေါ် တပ်မတော်နှင့် အတိုက်အခံများအကြား တစုံတရာ နားလည်မှုရရှိရန် ညိနှိုင်း ပေးရပါမည်။

(ဆ) မြန်မာနိုင်ငံ ပြည်သူလူထုအားလုံးအား စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး တပ်မတော်သားတို့တွင်လည်း တာဝန်ရှိကြောင်း အသိပေးရေး

ပြည်သူလူထုဆိုသည်မှာ တပ်မတော်သားများလည်း ပါဝင်ကြောင်း၊ တိုင်းပြည်ဒုက္ခရောက်နေသည်မှာ စစ်ခေါင်း ဆောင် များကြောင့်ဖြစ်ကြောင်း၊ စစ်ကျွန်ပြုခံနေရသူထဲတွင် တပ်မတော်သားများလည်းပါကြောင်း၊ တိုင်း ပြည်ကိုကယ်တင်ရန် တပ်မတော်သားများသည်လည်း အရေးပါကြောင်း တာဝန်ရှိကြောင်းကို စဉ်ဆက်မပြတ် အသိပေး နှိုးဆော်နေရပါမည်။

(ဇ) စစ်ခေါင်းဆောင်များ၏ မတရားသော အမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလာရေး

အထက်ဖော်ပြပါ မကျေနပ်ချက်များကို တပ်မတော်သားတို့၏ ဦးနှောက်အတွင်း စွဲမြဲလာပြီဆိုပါက ပထမဦးစွာ မတရားသောအမိန့်များကို တပ်မတော်သားများ ဆန့်ကျင့်လာစေရန် လမ်းညွှန်မှုများ ပြုလုပ်ရပါမည်။ အမိန့်မ နာခံမှုကို စစ်သည်တစ်ဦးချင်းမှသည် တရာ၊ တထောင်၊ တသောင်း ဖြစ်လာစေရန် နည်းလမ်းပေါင်းစုံသုံးပြီး နှိုး ဆွပေးရပါမည်။ ၄င်းတို့၏ မနာခံမှုကို ပြည်သူလူထုကလည်း ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်လာလိမ့်မည် ဆိုသည့် ယုံကြည်မှုများရှိအောင် ဆောင်ရွက်ပေးရပါမည်။

အသေးစိတ်စီမံချက်များ အောင်မြင်ခဲ့ပြီဆိုပါက တပ်မတော်မှပေါ်ထွက်လာမည့် ခေါင်းဆောင်နှင့် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ၀င်ရောက်ညှိနှိုင်းပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး ဆောင် ရွက်ရပါမည်။

လိုအပ်ချက်များ

၆။ ခေတ်မီဆက်သွယ်ရေး အထောက်အကူပစ္စည်းများ လိုအပ်ပါသည်။ (ဥပမာ - ကွန်ပြူတာ၊ ဂြိုလ်တုဖုန်း၊ USB)
၇။ အသံလွှင့်ဌာနများမှ ထုတ်လွှင့်ချက်များကို နားထောင်နိုင်ရန် Radio များ။
၈။ စစ်ခေါင်းဆောင်ကြီးများ၏ သတင်းများ၊ လျှို့ ဝှက်ချက်များကို သိရှိနိုင်ရန် ခေတ်မီထောက်လှမ်းရေးပစ္စည်း များ။
၉။ သတင်းများရယူရေး အပါအ၀င် အထွေထွေကိစ္စများတွင် သုံးစွဲရန်အတွက် ငွေကြေးလိုအပ်ပါသည်။

နေ့စွဲ - ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက်
နေရာ - ၀ါရှင်တန်မြို့ 

Monday, February 16, 2009

ဖိုးတုတ်ကို မျိုးဖြုတ်ကြ


Type your summary here

Type rest of the post here

Sunday, February 1, 2009

၂၀၁၀ရွေးကောက်ပွဲဆိုသည့်ကိစ္စအပေါ် ကျောင်းသားခေါင်းဆောင်မိုးသီးဇွန်ရဲ့အမြင်

၂၀၁၀ ရွေးကောက်ပွဲ (သို့ ) အ၀ီစိငရဲရဲ့ ပထမဆုံး - တံခါးပေါက်

-မိုးသီးဇွန်-

လေးစားအပ်တဲ့ ရဟန်းသံဃာများ၊ မိဘပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် မိတ်ဆွေများခင်ဗျား။ ကျနော် မိုးသီးဇွန်ပါ။ ကျနော်အခုပြောမဲ့ အကြောင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျနော်ရဲ့ အမြင်တွေ ဖြစ်ပါတယ်။

မြန်မာပြည်က သေကောင်ပေါင်းလဲ ဖြစ်နေတဲ့လူနာနဲ့ တူတယ်။ ၂၀၁၀ရွေးကောက်ပွဲက လူနာအတွက် ဆေးကို ဖေါ်နေတာနဲ့ တူနေပါတယ်။ ဒါပေမဲ့ အနာနဲ့ဆေး တခြားစီဖြစ်နေတယ်။ ရွေးကောက်ပွဲကို ကျနော်တို့ လက်မခံနိင်ပါဘူး။

ဒီရွေးကောက်ပွဲဟာ မြန်မာပြည်အတွက် ထွက်ရပ်လမ်းမဟုတ်လို့ ဖြစ်ပါတယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ဦးမတည်လို့ ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာလဲ။ ၂၀၁၀ ရွေးကောက်ပွဲဟာ မဟာအ၀ီစိငရဲကို သွားတဲ့လမ်းမှာ ပထမတံခါးပေါက်သာ ဖြစ်တယ်။

ဘာကြောင့်လဲ - ၂၀၁၀ ရွေးကောက်ပွဲရလဒ်က ၂၀၀၉ ခုနှစ်အခြေခံဥပဒေအတိုင်းလုပ်မယ်။ နိင်ငံသားအခွင့် အရေးတွေ ဒီမိုကရေစီနဲ့လူအခွင့်အရေးတွေကို ဒီအခြေခံဥပဒေက ဘယ်လောက်အာမခံမှာလဲ ဆိုတာကို သံသယ ရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့-
• စစ်အာဏာရှင်စနစ်ကိုပဲ အခြေခံဥပဒေနဲ့ တရားဝင်အောင်လုပ်ထားပြန်လို့ ဖြစ်ပါတယ်။
• တရားမျှတတဲ့ရွေးကောက်ပွဲ တခုအတွက်လိုအပ်တဲ့ နိင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထားတယ်။
• လွတ်လပ်စွာလှုပ်ရှား၊စည်းရုံးဟောပြောခွင့်တွေကိုပေးမထားဘူး။
မြန်မာပြည်ဟာ လက်ရှိကြုံနေရတဲ့ အခက်ခဲအကြပ်အတည်းတွေက မလွတ်မြောက်နှိုင်ပဲ လူမှုဒုက္ခအပေါင်းတွေကို ဆက်လက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ရောဂါနဲ့ ဆေးက တခြားစီဖြစ်နေတယ်။ ဗမာပြည်မှာ ဘာရောဂါတွေ ဖြစ်နေလဲဆိုတာ ကြည့်ကြပါစို့။

အခုဗမာပြည်မှာ မဟာအကြပ်ရိုက်မှု (Total Crisis) ဖြစ်နေတယ်။

၁-လူမှုဒုက္ခကြီးကိုရင်ဆိုင်နေရတယ်။ ( Humanitarian Crisis)

ကူးစက်ရောဂါတွေဖြစ်တဲ့ အေအိုင်ဒီအက်၊ အသားဝါအသည်းရောင်၊ တီဘီ ၊ (လူတွေပြောနေတဲ့ လေးလုံး ရောဂါ၊ ဘီပိုးစီပိုး၊ တီဘီ၊ ငှက်ဖျားရောဂါ၊ အဟာရမပြည်ဝမှု၊ ကလေးသေနှုန်း များလွန်းနေတယ်။ လူတွေ သက်တမ်းတိုနေတယ်။ )

ဒါဟာ လူတွေအကျင့်စာရိတ္တ ပြဿနာမဟုတ်ပါဘူး။ ဒါဟာ ဆင်းရဲမွဲတေမှုပြဿနာလည်းမဟုတ်ပါဘူး။ စစ် အစိုးရက အသိဥာဏ်နည်းပါးမှု ပြဿနာသာဖြစ်တယ်။ ဥာဏ်နည်းတာရယ်၊ လောဘဇော တိုက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြသာနာဟာ မြန်မာ့လူ့အဖွဲ့စည်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်စီးသွား ရတဲ့အခြေအနေကို ဆိုက်ရောက်သွားပါတော့တယ်။

တရုပ်ပြည်မှာလည်း အေအိုင်ဒီအက်စ်ရောဂါသည်တွေရှိတယ်။ သူတို့ အတွက် Global Fund က ၁ ဘီလီယံဒေါ်လာ ကူညီဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ မြန်မာပြည်မှာ စစ်အစိုးရက နိင်ငံတကာအလှူရှင်တွေကို ကန့်သတ် ချုပ်ချယ်လိုက်တဲ့အတွက် အလျှူရှင်တွေ ပြန်ထွက်သွားကြတယ်။ လူမှုဒုက္ခ (Humanitarian Crisis) ကို ရင်ဆိုင် နေရတယ်။

၂-တရားဝင် အသိမှတ်ပြုမှု အကြပ်တည်း ( Legitimate crisis)

နအဖ စစ်အစိုးရက ဒီနေပြသာနာတွေကို ကြည့်တဲ့နေရာ မှာ တရားဝင်မှု အကြပ်တည်း (Legitimate Crisis )လို့ ယူဆတယ်။ နိင်ငံတကာက ၀ိုင်းပယ်ထားတာ၊ စီးပွားရေးပိတ်စို့ ထားတာဟာ နိင်ငံကြီးတွေက ပြည်တွင်းရေးကိုစွက်ဖက်နေတာ၊ တရားဝင်အစိုးရဖြစ်လာရင် ဒီအကြပ်အတည်းကို ကျော်နိင်မယ်။ ဒီလိုတရားဝင်မှုရဖို့ အတွက်ကတော့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ အလွယ်ယူဆနေတယ်။ ၁၉၉၄ ၀န်းကျင်က တိုင်းရင်းသားအဖွဲ့တချို့ နဲ့ အပြစ်ခတ်ရပ်စဲရေး လုပ်တာ။ အာဆီယံထဲကိုဝင်ခွင့်ရဖို့ ကြိုးပန်းတာတွေဟာ တရားဝင်မှုရရင် အရာခတ်သိမ်းပြေလည်မယ်လို့ ယူဆခဲ့လို့ဖြစ်ပါတယ်။ ဒ်ါပေမဲ့ ၁၉၉၇ ခုနစ်မှာ အမေရိကန် က စီပွားရေပိတ်ဆို့ မှုကိုသာကြုံရတယ်။ တရားဝင်အစိုးရလို့ အသိအမှတ်မပြုဘူး။ ဒီတော့ ၂၀၀၀ ခုနစ်မှာတော့ နယူးကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အိမ်မက်မက်လာကြတယ်။ ဒီလက်နက်ရရင် နိင်ငံတကာဆက်ဆံရေးမှာ Negotiation လုပ်နိင်မယ်။ Balance of Power လုပ်လာနိင်မယ်လို့ ထင်တာကိုး။ လက်တွေ့မှာ အီရန်၊ မြောက်ကိုးရီးယားတို့ဟာ နယူးကလီးလက်နက်အတွက် ကြောင့် ဖိအားပေးမှုတွေခံရတာပဲ အဖတ်တင် နေတော့တယ်။

ဗိုလ်ချုပ်သန်းရွှေရဲ့ နယူးကလီးယား စီမံကိန်းက ဘာနဲ့တူနေလည်းဆိုတော့ ကျနော်တို့ ငယ်ငယ်က ဖတ်ရတဲ့ စာရေးဆရာကြီး ကစ်ပလင်းရေးတဲ့ ဂျန်းဂဲလ်ဘုတ်ခ် ( Jungle Book) ၀ထ္ထု ထဲက မျောက်ဘုရင်ကြီး ကင်းလူဝီ လိုဖြစ်နေတယ်။ မျောက်ကြီးက မီးကိုရရင် တောတခုလုံးကိုထိမ်းချုပ်နိင်မယ်ထင်တာကိုး။ လက်တွေ့မှာ မျောက်က မီးကိုရရင်တောင် လူလို့ အသိမှတ်ပြုဖို့ ကြတော့ မလွယ်ဘူးမဟုတ်လား။

၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးလိုက်လို့ နအဖ ကို အသိမှတ်ပြု လာမှာမဟုတ်ဘူး။ ရွေးကောက်ပွဲမှာ စစ်အစိုးရအလို ကျ ပါတီ အနိင်ရလည်း - တရားဝင် အစိုးရ ဖြစ်ပြီ၊ ပြသာနာအားလုံး ပြီး၊ ရောဂါအားလုံးပျောက် ဆိုတာ ဖြစ်လာမှမဟုတ်ပါဘူး။ တရားဝင်မှု အကြပ်တည်းကိုဆက်လက်ရင်ဆိုင်ရမယ်။
• စီးပွားရေပိတ်ဆို့မှု ဆက်ဖြစ်မယ်။
• ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဥရောပရဲ့  ပိတ်ပင်မှုတွေကိုဆက်လက်ရင်ဆိုင်ရမယ်။
• နိင်ငံတကာ ငွေလွဲ မှုတွေမှာ ပိတ်ဆို့တားဆီးမှုတွေ ရင်ဆိုင်ရဦးမှာပဲဖြစ်တယ်။

၃- အမှန်တရားနဲ့ တရားဥပဒေ ပျောက်ဆုံးနေမှု (Crisis of Truth and Justice)

ဗိုလ်ချုပ်သန်းရွှေ နဲ့ ဗိုလ်ချုပ်တစုကောင်းမှုကြောင့် မြန်မာ့သမိုင်း မှာ ဘယ်ကာလ ကနဲ့ မတူတဲ့ တရားဥပဒေကင်းမဲ့မှု၊ မင်းမဲ့ နိင်ငံတော်ကြီးဘ၀ကို ကျနော်တို့ ကျရောက်နေကြပြီ။ မြန်မာ ပြည်ဟာ အရာခပ်သိမ်းပြောင်းပြန်ဖြစ်နေတယ်။ အမှန်တရားနဲ့ အမှန်တရားနဲ့ နီးစပ်မှု အားလုံးဟာ ရာဇ၀တ်မှု တခုလို သတ်မှတ်ခံနေရတယ်။

အမှန်တရားဆိုတာ လင်္ကာတပုဒ်လို နားဝင်ချိုခဲပါတယ်။ ပျားရည်စက်တွေလည်းလည်း အမြဲတမ်း ချို မနေဘူး။ ဒါပေမဲ့ အမှန်တရားဟာ လူတယောက်အတွက်ရော လူအဖွဲ့အစည်းအတွက်ပါ တိုးတက်အောင်မြင်ကြီးပွားဖို့အတွက် ၂၄ နာရီလိုအပ်နေတဲ့ ဓါတုဇီဝ တခုလိုဖြစ်နေပါတယ်။ မြန်မာပြည်မှာက အစာ စားစရာမရှိဘူး။ မီးမရှိဘူး။ အင်တာနက်အားလုံးမှာမရှိသေးဘူး။ တယ်လီဖုန်းနေရာအနှံမှမရှိဘူး။ ပညာရေးမရှိဘူး။ အလုပ်မရှိဘူး။ ချစ်ခင်ရတဲ့ မိသားစုဝင်တွေအိမ်မှာမရှိဘူး။ အဆိုးဆုံးကတော့ အမှန်တရားပါမရှိတော့တာပဲ။ အမှန်တရားထွန်းကားဖို့၊၊ အမှန်းတရားကိုပြောဖို့၊ အမှန်တရားကိုလုပ်ဖို့ ဆိုတာတွေဟာ အစိုးရအဖွဲ့ ထဲမှာရော၊ စီးပွားရေး၊ ပညာရေးနဲ့ ဘာသာရေးမှာပါ အမှန်တရားဟာ မောင်းထုတ်ခံနေရတယ်။

အမှန်ကို ပြောမိလို့ဖမ်းခံထိ၊ အလုပ်ပြုတ်၊ စီးပွားပျက်၊ ဘ၀ပျက်မှုတွေက နေရာအနှံ့ မှာ ဖြစ်နေတယ်။ အမှန်တရားကို ပြောစရာ မရှိတဲ့နောက် ခင်ဗျား ဟာ ဘာပြော စရာကျန် တော့လည်း။ လောကကြီးမှာ ဘာတခုမှာ ကောင်းတာမရှိတော့ဘူးပေါ့။

အမှန်တရား မရှိတော့ တရားဥပဒေဆိုတာလည်း မရှိတော့ဘူး။ ရှေ့ နေဆိုတာ တရားဥပဒေ သို့သွားရာ လမ်းမှ လမ်းပြ မိတ်ဆွေပါ။ ရှေ့ နေကြီးနစ်ဦးကိုထောင်ထဲဖမ်းထည့်လိုက်တဲ့အခါမှာတော့ မြန်မာ ပြည်မှ အမှန်တရား ဆိုတာ မရှိတော့ပါဘူး ဆိုတာကို အိပ်သွန်ဖါမှောက်ပြလိုက်ရသလိုဖြစ်သွားရပါပြီ။

အမှန်တရားမရှိတဲ့နိင်ငံမှာ ကောင်းမြတ်မှုဆိုတာတွေ ဟာ ဘယ်တော့မှမရှိဘူး ဆိုတာပြောပါရစေ။ တိုးတက်မှု၊ ကြီးပွား အောင်မြင်မှု၊ပျှော်ရွှင်မှု၊ သုခ၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ မျှော်လင်ချက်နဲ့ ပြည့်စုံမှုဆိုတာတွေဟာ မရှိတော့ဘူး။ အမှန်တရားမရှိတဲ့ အတွက် ခုကျနော်တို့ ရှင်သန်ရာ ခေတ်ဟာ အမှောင်ခေတ် ပဲ လို့ပြောရမှာပဲဖြစ်တယ်။

၎-စီးပွားရေးအကြပ်အတည်း (Economic Crisis)

၁၉၈၈ ခုနစ် ဒီမိုကရေစီအရေးတော်ပုံကြီးပြီးသွားတဲ့အခါမှာ စစ်အစိုးရက မဆလ ခေတ် ကလို တခါးပိတ် စီးပွားရေးကနေ တခါးဖွင့် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးလိုက်ပြီ။ သူတို့စကားနဲ့ပြောရရင် - ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာစေရေးပါ။ လက်တွေ့ ဖြစ်နေတာက လွတ်လပ်တဲ့ဈေးကွက် စနစ်ဖြစ်မလာပဲ လက်ဝါးကြီးအုပ် ဈေးကွက် စီးပွားရေးနစ် ဖြစ်နေတယ်။ ဒီစီးပွားရေးစနစ်က ဗိုလ်ချုပ်သန်းရွေ မိသားစုနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေး မျှသာဖြစ်နေတယ်။ အများတကာ အများစု လူထုကြီးမှာ တော့ စီးပွားရေး အခွင့်အလမ်းတွေကို တန်တူညီမျှ ဆောင်ရွက်ခွင့်မရှိဘူးဖြစ်နေတယ်။ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေတဲ့အတွက် မကြုံဖူးမကြားဖူးလောက်အောင် ကုန်ပစ္စည်းတန်ဖိုးတွေ မြင့်တက် နေတယ်။ အမေရိကန်မှာ လွတ်ပြစ်ထားတဲ့ကားတစီးက မြန်မာ ပြည်မှာ ဒေါ်လာ ၁သောင်းလောက် ဖြစ်နေ တယ်။ ဒေါ်လာသုံးသောင်း လောက်ရှိတဲ့ ကား တစီးက ဒေါ်လာ ၁ သိန်းကျော်ဖြစ်နေတယ်။ ထိုင်းနိင်ငံမှာ ဒေါ်လာ ၂၀ လောက်တယ်လီဖုန်းက မြန်မာ ပြည်မှာ ဒေါ်လာ ၂၀၀ လောက်ပေးနေရတာတွေဖြစ်လာတယ် နိင်ငံတကာမှာ ဓါတ်ဆီဈေးက တပီပါကို ဒေါ်လာ ၃၇ ဒေါ်လာလောက်ဖြစ်နေပေမဲ့ မြန်မာပြည်မှာ ဓါတ်ဆီဈေးက အဆမတန်ကြီးနေတုန်းဖြစ်လာတယ်။ ဒီလိုဖြစ်နေရတာကတော့ ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားမှုအပေါ်မှာ သန်းရွေမိသားစု နှင့် အသိုင်းအသိုင်းကို အကျိုးအမြတ်တွေဖြစ်နေလို့ပါပဲ။

ဒါဟာ မတော်တဆမှုမဟုတ်ပါဘူး။ ဒါဟာ စီးပွားရေးပေါ်လစီတွေကိုနားမလည်လို့မဟုတ်ပါဘူး။ ဗိုလ်ချုပ်သန်းရွှေ နဲ့ စစ်ဗိုလ်ချုပ် တွေရဲ့  တပ်မတော်သားတွေနဲ့ ပြည်သူတွေအပေါ်မှာ ကြင်နာတရားကင်းပြီး ရက်စက်လွန်းလှတဲ့ ဂုတ်သွေးစုတ် ခေါင်ပုံဖြတ် နေတဲ့ လုပ်ရပ်တွေကြောင့်သာ ဖြစ်ပါတယ်။

နောက်တခုက စီးပွားရေးလုပ်ငန်းတွေရှင်သန်ဖို့အတွက် အဓိက လိုအပ်နေတဲ့ -
• လွတ်လပ်တဲ့ဈေးကွက်စီးပွားရေစနစ် နဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု မရှိဘူး
• စွမ်းအင်မရှိဘူး။
• ဘဏ်စံနစ်တွေပျက်စီးနေတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေပင်ငွေရင်း စိုက်ထုတ်မချေးပေးဘူး။
• လမ်းပန်းဆက်သွယ်ရေး၊ အင်တာနက်နဲ့၊ တယ်လီဖုံးလုပ်ငန်းတွေ အကုန်လုံးက သေလုမျောပါးဖြစ်နေတယ်။
ဒီတော့ မြန်မာ့စီးပွားရေး ဘိုးတော်ဘုရားလက်ထက်ကထည်းက လိုပဲ ကုန်ကြမ်း ကိုထုတ်ရောင်းစားနေတဲ့ နိင်ငံတခုအဖြစ် က တက်ကို မတက်နိင်ဘူး။

ဒီအခြေအနေမှာ လက်တဆုပ်စာ ဗိုလ်ချုပ်တွေရဲ့ အကျင့်ပြက်လပ်စားမှုတွေနဲ့ ပေါင်းလိုက်တဲ့အခါမှာ ကျနော်တို့ ဗမာပြည်ဟာ ဘာလုပ်ငန်းမှ လုပ်ကိုင်စားသောက်လို့မရတဲ့ မဟာ စီးပွားပျက်ကပ်ကြီး ဖြစ်ပေါ်နေရခြင်း ဖြစ် ပါတယ်။

၅-တည်ငြိမ်မှု အကြပ်အတည်း ( Crisis of Stability )

စစ်အုပ်စု အုပ်ချုပ်နေတဲ့နှစ်ပေါင်း ၅၀ နီးပါးမှာ မြန်မာပြည်ဟာ တည်ငြိမ်စွာ ဖြစ်ပေါ်မတိုးတက်ခဲ့ရဘူး။ နအဖရဲ့ မတရားဖိနိပ်မှု ၊ နိင်ငံရေးတင်းမာမှုတွေ၊ စီးပွားပျက်ကပ်၊ ပြည်တွင်းစစ်နဲ့  ရောဂါကပ်ဆိုးတွေကြောင့် လူတွေ ဘ၀တွေက တည်ငြိမ်မှုတခုမှ မရှိဘူး။ ခုဆိုရင် မြန်မာ မျိုးနွယ်စုတည်ရှိမှုကို ခြိမ်းခြောက်နေတာ က အမှန်ဖြစ်လာနေတယ်။ မိသားစုဘ၀တိုင်းက တည်ငြိမ်မှု ကိုမရှိတော့ဘူး။ ဆောက်တည်ရာမရဖြစ်နေကြတယ်။ မိမိနေထိုင်နေရာဝန်းကျင်ဟာ ဘယ်နေ့ရွေ့ ရမယ်လဲ။ ဘယ်နေ့ဖျက်ရမယ်လဲ။ ဘယ်နေ့မှာ အသိမ်းခံရမယ်လဲ ဖြစ်နေတယ်။ ကိုယ်ဘ၀က ဘာဖြစ်မလဲ - ဘာလုပ်ကိုင်စာရမလဲ ဘယ်ကိုသွားရမလဲ စကော်ထဲ ဇီးဖြူသီး ထည့်လိမ့်သလို လူတွေရဲ့ နေစဉ်ဘ၀ က ဘာမှကိုမတည်ငြိမ်တော့ဘူး။ လူတွေတင်မဟုတ်ဘူး တပ်မတော် သားတွေပါ တည်ငြိမ်တဲ့ဘ၀ကိုရဖို့ ဆိုတာမသေချာတာဘူး။ ဘယ်တော့အဖြုတ်ခံရမလဲ။ ဘယ်တော့ အရပ်ဖက်ကိုအရွေ့ ခံရမလဲဖြစ်နေကြပြီ။ စစ်အစိုးရအဆက်အဆက်အောက်မှာ နိင်ငံတော်ဟာ မတည်ငြိမ်ဘူး။ ပြည်သူလူထုဟာ မတည်ငြိမ်ဘူး။

၆-မျော်လင့်ချက်များ နဲ့  ယုံကြည်ချက်များ ပျောက်ဆုံးနေမှု (Crisis of Hope, vision and Trust)

နောက်ထပ်ဖြစ်နေတဲ့ ပြသာနာတခုကတော့ လူတွေဟာ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်များ ပျောက်ဆုံး သွားရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တာပဲ။ လူတယောက်ရဲ့  ဘ၀ခရီးစဉ်တလျောက်လုံးကို မျှော်လင့်ချက်နဲ့  မောင်းနှင်းနေတာဖြစ်ပါတယ်။ မျှော်လင့်ချက်မရှိတဲ့နောက်မှာတော့ ဘာယုံကြည်ချက်မှလည်း မရှိတော့ဘူး။ လူတယောက် ဘယ်လောက်ပဲကြိုးစားကြိုးစား အောင်မြင်မှု တခါးဝ နားရောက်လာပြီဆိုရင်တော့ ရှေ့ ဆက်တိုးလို့မရပဲ အရာတခုက ပိတ်ပင်ထားဆီးနေတာကိုခံရတော့တာပဲ။ ဒီအရာက တော့ စစ်အာဏာရှင် စံနစ်ဖြစ်ပါတယ်။ ဒီစနစ်က လူတဦးရဲ့  ဘ၀ မျှောင်လင့်ချက်တွေကို ပိတ်ပင်ထားတဲ့ အရာ ဖြစ်နေပါတော့တယ်။

ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြတ်စွာ ဘုရားက ဇတိသညာ - လူတွေဟာ ကိုယ်မွေးဖွားရာ ဇတိကို အလွန်သံယောဇဉ်ကြီး တယ်လို့ ဆိုတယ်။ အခုမြန်မာ ပြည်သားတွေဟာ မွေးဖွားခဲ့ရာနေရာတွေက စွန်ခွာ ထွက်ပြေးနေကြရသလို ဖြစ်နေပါတယ်။ ဗမာပြည်ဟာ သူတို့အတွက်မျှော်လင့်ချက်များရှင်သန်ရာ နေရာမဟုတ်တော့လို့ ပါပဲ။

ဆေး ကဘာဘဲ

စစ်အာဏာရှင်စနစ် နဲ့ စစ်ဗြူရိုကရေစီ ယန္တရားတွေကို ဖြိုချပြစ် ရပါမယ်။ ပြည်တွင်းစစ်မီးကိုအဆုံးသတ်ရမယ်။ ဒီမိုကရေစီစနစ် ထွန်းကားလာအောင် အားပေးရမယ်။ ကာကွယ်ရမယ်။ ထိမ်းသိမ်းရမယ်။ လူတိုင်းတန်းတူစွာ အခွင့်အရေးရပိုင်ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံး ရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကိုဆန်ကျင်ပြီး လူထုတိုက်ပွဲတွေကို ဖေါ်ထုတ်ပြီးလူထုအစိုးရဖွဲ့စည်းနိင်အောင်ကြိုးစား ရမယ်။

တပ်မတော်သားများ တွေကို ကျနော်ပန်ကြားလိုပါတယ်။

ခင်ဗျားတို့ တခုပဲလုပ်စရာလိုပါတယ်။ အမေရိကန်၊တရုပ်၊ရုရှား၊အိန္ဒိယနဲ့ ထိုင်းနိင်ငံက စစ်သားတွေလို Professional Soldiers စစ်သား ပီပီသသ နေကြပါ။ လူတဦးတယောက်အပေါ်သစ္စာရှိတာဟာ ပြည်သူလူထု တရပ်လုံးကို သစ္စာကို ဖေါက်နေတာလို့ အဓိပ္ပါယ်ထွက်နေပါပြီ။ ပြည်သူလူထုကိုကာကွယ်ပါ။ ကျောင်းသား တွေနဲ့ လက်တွဲပါ။ အနာဂတ်သစ်ကို ဖန်တီးဖို့ အချိန်ကြပြီ။ သင့်ကို ပြည်သူလူထုကအလိုရှိနေပြီလို့ ပြောပါရစေ။

အပြစ်ခပ်ရပ်စဲရေးအဖွဲ့ များ

အထူးသဖြင့် ကချင်အမျိုးသားအစည်းအရုံ၊ ၀ပြည်သွေးစည်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ။ ကလလတ၊ရလလဖ၊ ဒီကေဘီအေ ရဲဘော်များ ပြန်လာကြပါ။ နအဖ စစ်အစိုးရက ခင်ဗျားတို့ ပြည်သူတွေရဲ့ ဘ၀ကို တိုးတက်အောင်လုံခြုံအောင် ငြိမ်းချမ်းအောင်မလုပ်ပေးနိင်ဘူး ဆိုတာ ခင်ဗျားတို့ မြင်နေပြီဖြစ်ပါတယ်။

မနပုလောမှာ ခင်ဗျားတို့ကိုကျနော်တို့ ကတိပေးခဲ့တယ်။ တိုင်းရင်းသားအခွင့်အရေးတွေအတွက် တူမီးတဖက် ကလောက်တဖက် ကိုင်ပြီး ကျနော် တို့ ၈၈ မျိုးဆက်တွေ အတူတိုက်ပွဲဝင်မယ်ဆိုတဲ့ ဒီကတိကို ကျနော်တို့ တသက်လုံးစောင့်ထိမ်းသွားမယ်။

ခင်ဗျားတို့လည်း တိုင်းရင်းသား ပြည်သူတရပ်လုံးရဲ့ ဆန္ဒကို လေးစားပါ။ ပြောင်းလဲလုပ်ဖို့ အချိန်ကောင်းကိုရောက်နေပြီ။ မနောက်ကျ ကြပါစေနဲ့။

မျိုးစပါးတွေစုဆောင်းပါ။ သေနပ်ပြောင်းတွေတိုက်ထားပါ။ လှံစွပ်တွေသွေးထားပါ။ ကတုတ်ကျင်းတွေနက်နက်တူးထားပါ။ အရင်လို လက်တွဲ ပြီးအတူတိုက်ပွဲဝင်ကြပါစို့ ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒီချုပ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ ဝင်တွေ ကို ကျနော်တိုက်တွန်းခြင်းတာကတော့-

မုန်းတိုင်းလာတော့မယ်။ မုန်းတိုင်းက ဘယ်ဟာ ဘုရားထီးတော်လဲ ၊ ဘယ်ဟာ အမိုက်ပုံးလဲဆိုတာ မသိပါဘူး။ အကုန်လုံးကို ဆွဲချတတ်ပါတယ်။ ရန်သူရော မိတ်ဆွေကိုရော တိုက်ခိုက်ပါတယ်။ အဖွဲ့ချူပ်ကို ခိုင်ခံ့ အောင်ကျောက်အုပ်တွေနဲ့ အစားထိုးသင့်ပြီ လို့ပြောခြင်တယ်။ စွန့်လွတ်အနစ်နာခံတိုက်နေတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစံနမူနာယူပါ။ စေ့စပ်ရေး ဟာ မဖြစ်နိင် တော့ဘူး။ လူထုတိုက်ပွဲတွေဖေါ်ထုတ်ပါ။ အစိုးရဖွဲ့ နိုင်ဖို့ပြင်ပါလို့ တိုက်တွန်းလိုပါတယ်။

ကျောင်းသားကျောင်းသူများ နဲ့ အနာဂတ်လူငယ်များ

တကယ်က လူအဖွဲ့ စည်းမှာ လူကြီးနဲ့ ကလေးပဲရှိတယ်။ အသက်၁၈ နစ်ကျော်သူတိုင်းဟာ ဆေးပညာအရ၊ တရားဥပဒေအရ လူကြီးဖြစ်လာကြပြီ။ လူငယ်ပေမဲ့လူကြီးလို့ခံယူဖို့ လိုနေပြီ။ ဒီနေ့ မြန်မာ့သမိုင်းဟာ ခင်ဗျားတို့ကိုမျှောင်လင့်နေကြတယ်။ အားကိုးနေကြပါတယ်။ ခင်ဗျားတို့ ဟာ နိင်ငံတကာ ရဗ် - ဟစ်ပေါ့ ဂီတတွေကို သိနေရင် ဒီမိုကရေစီနဲ့ လူအအခွင့်ရေး လှုပ်ရှားမှု ဟာလည်း သိဖို့ မခက်လှပါဘူး။ စစ်အစိုးရက မသိနိင်အောင်လုပ်ထားပေမဲ့ ခင်ဗျားတို့က သိနိင်အောင်ကြိုးစားရင် သူတို့တားဆီးလို့ မရဘူး။ မြန်မာ ပြည်မှာ ဖြစ်နေတာတွေကို ခင်ဗျားတို့ သိပါတယ်။ အမှားနဲ့ အမှန်တိုက်ပွဲမှာ ပွဲကြည့်ပရိသတ်မရှိဘူး။ တာဝန်သိမှု Responsibility ကို သိပါလို့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျနော်ပြောခြင်တာကတော့-

၂၀၁၀ ရွေးကောက်ပွဲဟာ ငရဲ ကိုသွားတဲ့ ပထမတခါးပေါက်သာဖြစ်နေပါတယ်။ ဒါကိုကျနော်တို့ လက်ခံလို့ မရပါဘူး။ အခြေခံဥပဒေဟာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး တွေကို အလေးနက်မထားဘူး။ တခါးဖွင့် စီးပွားရေး စံနစ်ကို အာမခံချက်တွေ မရှိဘူး။ ၁၉၇၄ ခုနစ်အခြေခံဥပဒေအတိုင်းပဲ အာဏာရှင်စနစ်သက်ဆိုးရှည်အောင် စစ်ကျွန်ပြုမှုကို အတည်ပြု ပေးထားတာ မျှသာဖြစ်တယ်။

မြန်မာ ပြည်ဟာ ပြောင်းလဲမှု ဖြစ်ကိုဖြစ်တော့မယ်။ အောင်ပွဲ ခံကိုခံမယ်။ ဒီမိုကရေစီရကိုရမယ်။ အထွေထွေ လူမှုဒုက္ခတွေဟာ နိဂုံးချုပ်ကိုချုပ်ရမယ်။ စစ်အစိုးရ ဗိုလ်ချုပ်တွေကိုယ်တိုင် သူတို့ဟာ သမိုင်းလားရာကို ဆန့်ကျင်ဖက်သွားနေသူတွေ အမှန်တရားနဲ့ တခြားဖက်ကိုရောက်နေသူတွေ အရှုံးကိုရင်ဆိုင်နေရပြီဆိုတာ သိနေပြီ။

တော်လှန်ရေးဘယ်တော့အောင်ပွဲခံမလဲ လို့ မေးရင် အောင်ပွဲခံနေရသူတွေ ဟာ ငါတို့ ပဲဆိုတာကိုသိတဲ့နေ့ ဟာ တော်လှန်ရေးအောင်ပွဲခံတဲ့နေ့ပဲ လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ကျနော်မိုးသီးဇွန်ပါ။

ဇန်န၀ါရီ ၂၈-၂၀၀၉

WFWW- လွတ်မြောက်ရေး အသံ မှ စီစဉ်ထုတ်လုပ်၍ www.komoethee.blogspot.com မှ ကူးယူဖော်ပြပေးခြင်းဖြစ်သည်။

Thursday, January 29, 2009

Wednesday, January 28, 2009

မြန်မာပြည်အတွက်သီချင်း



ဒီသီချင်းလေးကို အင်္ဂလိပ်လိုစပ်ဆိုခဲ့တာဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ်ဘာသာကိုပြန်ဆိုမှုဖြစ်ပါတယ်။ စာသားလေးတွေကို ပဏာမအနေနဲ့ ဝေငှပေးလိုက်တာဖြစ်ပါကြောင်း။

BAJF

Sunday, January 25, 2009

"ပြည်သူများအတွက် ၂၀၀၉ ခုနှစ် ဓါတ်ဆင်ဓါတ်ရိုက် ယတြာ"


ကျွန်ုပ်သည် ၂၀၀၇ ခုနှစ် နိုဝင်္ဘာလ(၉)ရက်နေ့မှစ၍ အဘဆရာကြီး မင်းသိင်္ခ ဤကမ္ဘာမြေမှ ပြန်လည် ထွက်ခွါသွားသည့် ၂၀၀၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့အထိ ကျွန်ုပ်၏ ကတိသစ္စာရှိသည်နှင့်အညီ ဝိဇ္ဇာပညာရပ်တခုကို ထုတ်ဖေါ်အသုံးပြုခွင့်မရှိဘဲ အချိန်ကာလ (၉)လကြာမြင့်စွာ သည်းခံစောင့်ဆိုင်းခဲ့ရ၏။ ထိုစောင့်ဆိုင်းခဲ့ရသောကိစ္စမှာ နအဖ စစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကျွန်ုပ်တို့၏ ဝိဇ္ဇာယတြာ ဓါတ်ရိုက် ဓါတ်ဆင်ပညာဖြင့် ဆုံးမမည့်ကိစ္စဖြစ်ပြီး ကျွန်ုပ်တို့ တမျိုးသားလုံး၏ သားစဉ်မြေးဆက်တိုင်အောင် ဒုက္ခပေး လျက်ရှိသော စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းစေရေးကိစ္စဖြစ်၏။

နအဖ စစ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျွန်ုပ်တို့ တိုင်းသူပြည်သားများအပေါ်တွင် ရက်စက်ယုတ်မာ၏။ မိုက်ရိုင်းစော်ကား၏။ ဆင်းရဲမွဲတေစေ၏။ နလံမထူနိုင်အောင် နှိပ်စက်၏။ အချိန်နှင့်အမျှ ဝမ်းနည်းပူဆွေးနေကြ ရအောင် လုပ်ထား၏။ မေတ္တာပို့ဆုတောင်းကြသော သံဃာတော်များကိုပင် သေနတ်ဖြင့် ပစ်သတ်၏။ ဓါတ်တိုင် မှာ ကြိုးတုပ်၍ ရိုက်နှက်၏။ ဘာသာ သာသနာကို စစ်ဖိနပ်ဖြင့် နင်းချေ၏။ တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း များ လုပ်၏။ ချောက်တီးချောက်ချက် ညစ်ဥာဏ်လေးဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း သွေးကွဲ အောင်ခွဲ၍ ရန်တိုက်ပေး၏။ ပြည်သူပြည်သား အချင်းချင်းမသင့်တင့်အောင် ကြံ့ဖွံ့ စွမ်းအားရှင်ဆိုသော အရောင် များဆိုးပေးပြီး အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းထား၏။ ဒုစရိုက်သမား၊ အရက်သမားလူမိုက်များကို အရက် တိုက် ငွေပေးပြီး ရပ်ရွာမငြိမ်သက်အောင် ဗိန်းဗောင်းတိုက်ပေး၏။ ထိုကဲ့သို့သောလုပ်ရပ်များကြောင့် ပြည်သူတို့အနေဖြင့် တိုင်းပြည်က ထွက်ပြေးနိုင်သူများ ထွက်ပြေးကြရ၏။ ထောင်ထဲနေနိုင်သူများက ထောင်ထဲနေကြရ၏။ ကျန်ပြည်သူများမှာ ကျေးကျွန်သဖွယ်နေကြရ၏။ ထိုသို့သော ပြည်သူတို့၏ ဒုက္ခများကို ကယ်တင်နိုင်ရေးကိစ္စမှာ ကျွန်ုပ်တို့ ဗေဒင်လက္ခဏာ ဂမ္ဘီရဝိဇ္ဇာ ပညာရှင်များ၏ ပခုံးပေါ်၌ သမိုင်းပေးတာဝန်တရပ် အဖြစ် ကျရောက် လျှက်ရှိ၏။

တနေ့သ၌ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ဆရာသခင်နေထိုင်သော အယူတော် မင်္ဂလာခြံအတွင်းသို့ ပျားရည်ပုလင်းများနှင့် ငါးသုံးလုံးစီးကရက်(၁)တောင့်ကို ယူဆောင်၍ ဆရာသခင်အား ကန်တော့ရန် ရောက်ရှိလျှက်ရှိ၏။ ထိုနေ့သည် ၂၀၀၇ ခုနှစ် နိုဝင်္ဘာလ (၉)ရက်နေ့ဖြစ်၏။ ဆရာသခင်အား ကျွန်ုပ်၏ လာရင်းကိစ္စပြောဆိုနိုင်ရေးအတွက် နံက်(၃)နာရီတွင် အိပ်ယာထရ၏။ တရားထိုင်ပြီးစ ဆရာသခင် အား ကံကောင်းထောက်မစွာဖြင့် တယောက်တည်းထိုင်နေသည်ကို တွေ့ရ၏။ ဆရာသခင်က ကျွန်ုပ်အား မြင်မြင်ချင်း ……… မင်္ဂလာရှိသော အာရုံနံက်ခင်းပါ ဆရာအောင်………..။ ဟု စတင်နှုတ်ခွန်းဆက်၏။ ဆရာသခင်အား ကျွန်ုပ်က ကျိုးနွံစွာကန်တော့၏။ ဆရာတပည့်နှစ်ဦး ဆိတ်နို့ ဂျင်းပြုတ်ရည် တို့ဖြင့် ဖျော်သော လ္ဘက်ရည်ကိုသုံးဆောင်ရင်း စကားစမြည်ပြောဆိုကြ၏။ ကျွန်ုပ်က……။ အဘရယ် သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်တယ်၊ ပြည်သူတွေကိုလည်း သတ်တယ်၊ ရိုက်တယ် နှက်တယ်။ ဖမ်းဟယ် ဆီးဟယ်နဲ့ ပြည်သူတွေတော့ အနိဌဖလ နဲ့နပမ်းလုံး နေရတယ်ဟု ပြော၏။ အဘက………..ရင်ကော့၍ ဝမ်းခေါင်းသံကြီးကို ပြုပြီး…….. ဒီစစ်ခွေးရူးကြီးသန်းရွှေကို သေချင်းဆိုးနဲ့မသာပေါ်အောင် ငါတို့ ယတြာပညာနဲ့ လုပ်လို့ရတယ် ကွ……ဟု လွှတ်ကနဲပြော၏။ ကျွန်ုပ်က……။ယတြာဆိုတာ ပါဠိလို…. “ဣစ္ဆိတံ၊ နိစ္ဆိတံ၊ ဖသံယာတိ ပဝတ္တတိဘိ၊ ယတရာ”........ လို့ ဆိုတယ်မဟုတ်လားအဘ ဟုမေး၏။ အဘက....... အေးဟုတ်တယ်ကွ၊ အဓိပ္ပါယ်ကတော့ကွာ လိုအပ်သောအကျိုး မလိုအပ်သော အကျိုးနှစ်ပါးတို့ကို ကောင်းစွာဖြစ်စေတတ် ရောက်စေတတ်သောကြောင့် ထိုလက္ခဏာကို ယတြာဟု ခေါ်လေသည်လို့ ရေဝန်းဆရာတော်ရေးတဲ့ အင်္ဂဝိဇ္ဇာ အလင်းပြ ယတြာ ဓါတ်ရိုက် ဓါတ်ဆင်ကျမ်းမှာ အတိအလင်းရေးထားတာ ရှိတယ်ကွ ဟု ပြော၏။ ဒီလောက် တောင်ကောင်း တဲ့ အဘရဲ့ပညာကို သင်ပေးပါဟု ကျွန်ုပ်က နားပူနားဆာလုပ်၏။ နွားပိန်တွယ်တွယ်၏။ အဘက မျက်လုံးကြီးပြူးပြီးပြောပြန်၏။ ငါ့ရဲ့ပညာက ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကွ။ ငါတို့တတိုင်းပြည်လုံးက ပြည်သူတွေ အားလုံးဝိုင်းလုပ်ကြဖို့တော့လိုတယ်ကွ။ သိပ်သေချာတဲ့ နည်းကွ။ နှမအစိမ်းလိုက်ပေးကြေး လောင်းရဲတဲ့နည်းကွ။ စကားအကုန်ပြောမယ်ကွာ........။ ဒီကောင်ကြီး မဂန့်ဘူးဆိုရင်၊ လျှာဖြတ်ခံမယ်ကွာ၊ လက်အဖြတ်ခံမယ်ကွာ၊ အိုကွာ.......... တကိုယ်လုံး အတုံးတုံး အတစ်တစ်........ တစ်လှည့်လို့ အာမခံနိုင်ပါ တယ်ကွာဟု ပြော၏။ ဒါပေမယ့် တခုတော့ရှိတယ်ဟု အဘက တွေးတွေးဆဆ ဆက်ပြော၏။ ငါက ဝိဇ္ဇာလမ်းလိုက်နေပြီကွ။ ဝိဇ္ဇာရဲ့အလုပ်က မကောင်းသူပယ် ကောင်းသူကယ်တဲ့အလုပ်ကို လုပ်တယ်ကွ။ လုပ်ထိုက်နေတဲ့အလုပ်ကို လုပ်ရမှာပေါ့ကွာ။ ကဲကွာ......။ ငါမထွက်ခင်မှာ ဒီဓါတ်ရိုက် ဓါတ်ဆင်နည်းကို အသုံးမပြုပါဘူးလို့ မင်းကတိပေးနိုင်တယ်ဆိုရင် ငါသင်ပေးမယ် ဟုပြော၏။ ထိုသို့ပြောပြီးနောက် ငါ့ရဲ့ထွက်ပွဲ လွန်ရင်တော့ မင်းသဘောဘဲ ဟု ဆိုလိုက်ရာ။ ကျွန်ုပ်က……။ ထွက်ပွဲဆိုတာ ဘာကြီးတုန်းအဘ ဟု မေးမြန်းရ၏။ အဘက ဝိဇ္ဇာဓါတ်ဆိုတာ အရှင်ဓါတ်ကွ၊ အရှင်ထွက် …. ထွက်တယ်လို့ဘဲ သုံးတယ်ကွ၊ လူမိုက်ကလေးရေ အသေအချာမှတ်ထားဟေ့။ ငါသေပြီးမှ ငါ့ရဲ့ပညာကို အသုံးပြုလေ ဟု ပြုံးပြုံးကြီး ပြောလိုက်၏။ ကျွန်ုပ်က လိုက်နာပါမည်ဟု ကတိပြု၏။ အဘတိုက်သော သစ္စာရေကို သောက်၏။ အဘသည် မကြာမီအချိန်က အဓိဌါန်တင်၍ ဂန္ဓာရီထွက်၏။ တောရိပ်တောင်ရိပ်ခိုပြီး ဂမ္ဘီရ ကျင့်စဉ်များ ကျင့်၏။ အဓိဌါန်အောင်မြင် ပြီးမြောက်၏။ ထိုပြီးမြောက်ခဲ့သော ကျင့်စဉ်များထဲမှ ကျင့်စဉ် အမှတ်(၅) ဖြစ်သော မိမိခန္ဓာကိုယ်မှရွှေကြိုးလွှတ်သော ကျင့်စဉ်ကို အသုံးပြု၍ ရုပ်မှ နာမ်ခွါပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိမ် ဘုရားခန်းရှိ ရွှေကလပ်ဖြင့် တခမ်းတနားထားရှိသော ကောဇာသက္ကရာဇ် ၁၂၉၄ ခုနှစ် တပို့တွဲလ္ဆန်း(၈)ရက် ကြာသပတေးနေ့တွင် မီးရှူးသန့်စင် ဖွားမြင်သော မောင်သန်းရွှေ အသက်(၁၂၀) ရှည်စေသောဝ် ဟုပါရှိသည့် စစ်ဘီလူးကြီး၏ ဇာတာရက်ချုပ်ကို ကူးယူခဲ့၏။ ထိုဇာတာရက်ချုပ်ကို ရှေ့ တွင်ချ၍ ပညာကုန်သုံးပြီး တွက်ချက်၏။ အနှစ်ချုပ် စစ်ထုတ်၏။ ထို့နောက် တတိုင်းပြည်လုံးပြည်သူအားလုံး ဓါတ်ဆင် ဓါတ်ရိုက်ကြရမည့် ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကို ကျွန်ုပ်အား တထိုင်တည်း လက်ထပ်သင်ပေး၏။ ထိုနေ့မှစ၍ ကျွန်ုပ်သည် ကတိသစ္စာပြုထားချက်အရ အဘဆရာကြီး မင်းသိင်္ခ၏ ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကို အသုံးမပြုပဲနေရ၏။ ထုတ်ဖေါ်ခွင့်မပြုရဲဘဲ ငြိမ်နေရ၏။ နေသေးသပ ဂျိုသွေးတမြမြ လုပ်နေရ၏။ ၂၀၀၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင် ဤကမ္ဘာမြေပေါ်မှ အဘဆရာကြီး မင်းသိင်္ခ ပြန်လည်ထွက်ခွါသွားခဲ့ပြီးဖြစ်၏။ သြဂုတ်လ (၅)ရက်နေ့တွင် အဘ၏ ထွက်ပွဲ ကျင်းပခဲ့၏။ ငါ့ရဲ့ထွက်ပွဲလွန်ရင်တော့ မင်းသဘောပဲဟု ဆရာသခင်က မှာကြားခဲ့ပြီးဖြစ်ရာ……………….။

“နအဖ စစ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၇)ရက်အတွင်း အသေဆိုးဖြင့် မသာပေါ်စေမည့် ပြည်သူတွေလုပ်ကြရမည့် ၂၀၀၉ ခုနှစ်အတွက် ဓါတ်ဆင် ဓါတ်ရိုက် ယတြာ”

- နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓါတ်ပုံကို လေးထောင့်သံပုံးထဲ ထည့်၍

- ဓါတ်ပုံပေါ်ရှိ ၎င်း၏မျက်နှာပေါ်သို့ ငရုတ်ဆီ(၂)ပုလင်းလောင်းချပါ၊

- ငရုတ်ဆီလောင်းချထားသော ဓါတ်ပုံ၏အပေါ်မှ ရေခဲတုံးများဖြင့် ဖိထားပြီး

- သံပုံးကိုအဖုံးလုံအောင်ပိတ်ရမည်။

- ထိုသံပုံးကို မိမိတို့ အိမ်သာအတက်အဆင်း အ၀င်အထွက်နေရာတွင်ထား၍

- အိမ်သာတက်တိုင်း ၎င်းသံပုံးကို ဖနောင့်နဲ့ပေါက်ပြီး ဒီသံပုံးထဲက အကုသိုလ် ကောင်ကြီး သွေးစိမ်းအန်ပြီးသေစမ်း…….။ ဓမ္မန္တရာယ်ကောင်ကြီး ခုနစ်ရက်အတွင်း မသာပေါ်စမ်း။ ငါတို့တတိုင်းပြည်လုံး နင့်ကြောင့်ဒုက္ခရောက်လှပြီ……. နင် အဝိစိ ရောက်မှအေးမှာ…..။ နင်သေစမ်း……။ သေချင်းဆိုးနဲ့ အခုသေစမ်း ဟု မှင်မောင်း အပြည့်ဖြင့် မာန်ပါပါ အမိန့်ပြန်ရမည် ဖြစ်ပါသည်။

ဆောင်ပုဒ်။ ။ ကျွန်ုပ်တို့၏ ဗေဒင်လက္ခဏာ ဂမ္ဘီရဝိဇ္ဖာ ပညာ ပယောဂကြောင့် စစ်အာဏာရှင်စနစ်လုံးဝ ချုပ်ငြိမ်းစေရမည်။

အဘဆရာကြီး မင်းသိင်္ခ၏သားတပည့်

ဆရာအောင်

ဗေဒင်လက္ခဏာဂမ္ဘီရဝိဇ္ဇပညာရှင်

မှတ်ချက်။ ။ ဓါတ်ပုံအစား သတင်းစာတွင်ပါသော ဓါတ်ပုံကို ဖြတ်ထုတ်၍ အသုံးပြုနိုင်ပါသည်။ ဤဝိဇ္ဇာယတြာဓါတ်ဆင်ဓါတ်ရိုက်နည်းအား မိတ္တူကူး၍ လက်ဆင့်ကမ်း ဖြန့်ဝေကြရန်။

2009CAC(BURMA) က တာဝန်ယူဖြန့်ချီပါသည်။ အသေးစိတ် သိရှိလိုပါက cacburma@gmail.com သို့ ဆက်သွယ်လိုက်ပါ။

အဘဦးထွန်းကျော်ရဲ့ လွတ်လပ်ရေးဇာတာဟောစာတမ်း